လောင်းကစားရုံလို့ပြောပေမယ့် လောင်းကစားနဲ့မတူအောင်ကို လုပ်သွားတာ။
ရွာဘုရားပွဲတွေမှာလို အံစာတုံး ခေါက်တာ ၊ဂလုန်းဂလုန်း လို့ခေါ်တဲ့ ကြက်ရုပ် ၀က်ရုပ်တွေနဲ့ကစားတာ၊
လေးကောင်ဂျင် လို ကစာနည်းမျိုး မဟုတ်ဘူး၊
အဲဒီလိုတွေလည်း ကျိုက်ခေါက်ဘုရားပွဲမှာ လုပ်လို့မရဘူး။ခွင့်မပြုဘူးလေ။
ခုဟာက ကစားရင်းကုန်သွားတဲ့ သူတွေတောင် ၄ ရက်လောက်ဆက်တိုက် ကုန်သွားမှ ဒိုင်ဘက်က
သာတဲ့လောင်းကစားမှန်း သိကြတာဆိုတော့ ခွင့်ပြုပေးလိုက်တဲ့ ဘုရားဂေါ်ပက အဖွဲ့လည်း
အပြစ်ပြောလို့တော့ မရပါဘူး၊အယ်...လိုင်းကြေးလေး ဘာလေးတော့ ရှိရင်ရှိမှာပေါ့။
ကစားနည်းကဟောက်စီ လို့ခေါ်တဲ့ ကစားနည်းနဲ့ ခပ်ဆင်ဆင်ပါပဲ။ကစားနည်းကို အကျယ်မရေးပြတော့ပါဘူး၊
ဘာကြောင့်ဆိုတော့ ကျွန်တော်ရေးခဲ့တဲ့ “ကျောင်းတော်ကြီးနှင့် စာရင်းရှင်းတမ်း ”ဆိုတဲ့ ပို့စ်ထဲမှာ ရေးထားပါတယ်။
သူတို့လုပ်ပုံက ပိုလှတယ်ဗျ၊ ဘယ်လိုလည်းဆိုတော့ ဆုကြေးကို ကျွန်တော်တို့လို ပိုက်ဆံ မပေးဘူး။
အသုံးအဆောင် ပစ္စည်းပေးတာဗျ။ပေါ့သေးသေးမထင်နဲ့ ဓါတ်ဘူး စောင်ကနေ မော်တော်ဆိုင်ကယ် အထိပါတယ်။
ဆိုင်ကယ်ကြီးကို စင်ပေါ်တင် ပြထားတော့ ကစားတဲ့ သူတွေရဲ့ စိတ်ထဲမှာ ဆိုင်ကယ်စီးပြီး အိမ်ပြန်မယ် လို့ပဲ
တွေးကြ ပြီပေါ့ဗျာ။ ဆိုင်ကယ်သာ ပြထားတာ တယောက်မှလည်းမပေါက်သွားပါဘူး။
သူတို့ကလက်မှတ်တစောင်ကို ၅၀ နဲ့ရောင်းတယ် အစောင်ရေ ကတော့ သူတို့စိတ်ကြိုက်ပဲ။
တယောက်တယောက်ကို ၂စောင် ၃စောင် လောက်ကို ၀ယ်ကစားကြတာ။
လက်မှတ်မှာ ဂဏန်းက တစ်လုံးပဲ ပါတယ်၊ နှစ်လုံးတွဲ ဂဏန်းကနေ သုံးလုံးတွဲ ဂဏန်းထိရှိတယ် ။
ပေါက်မဲ နှိုက်တဲ့သူက ဂေါ်လီ ခွက်ကြည့်ပြီး နှစ်လုံးဂဏန်းလား သုံးလုံးဂဏန်းလားလို့ မိုက်နဲ့ အော်ပေးရတယ်။
နှစ်လုံးဂဏန်းဆို သူကနှစ်လုံးသမားတွေ ရင်ခုန်ထား
သုံးလုံးဂဏန်းဆို သုံးလုံးသမားတွေ ရင်ခုန်ထားလို့ အော်ပေးတာဗျ။
သူအော်ပုံအော်နည်း ကကောင်းတော့ ကျွန်တော်တို့ ဘက်မှာ အဲဒီစကားတွင် သွားတော့တယ်။
ချဲထွက်တဲ့နေ့တွေဆို တယောက်နဲ့တယောက် သုံးလုံးသမားလေးတွေ ရင်ခုန်ထားလို့ ခုထိနောက်ကြတုန်းပဲ။
သူအော်ပေးတဲ့ ဂဏန်းကိုယ့်မှာပါနေရင် လက်ထောင်ပြီး လက်မှတ်ပြရတယ်။
ပေါက်တဲ့သူ ၅ယောက်ပြည့် ပြီဆိုရင် တပွဲပြီးပြီ။အဲဒီ၅ယောက်က ပစ္စည်းတစ်ခါတည်း ရသေးတာမဟုတ်ဘူး၊
မဲနှိုက်ကြရတာ၊ မဲမနှိုက်ခင် ဆိုင်ကယ်ပေါက်မဲကို အားလုံးကိုပြတယ်။
ပြီးရင် ခုနက ၅ယောက်က ကိုယ်ကြိုက်တဲ့ဂါထာ ရွတ်ပြီး နှိုက်ပေတော့ပဲ။
မဲကတော့ ကိုယ်ကိုတိုင် နှိုက်ရတာပါ ဗလာမဲမပါဘူး တခုခုတော့ ပေါက်ကြတာပဲ။
အနည်းဆုံး မျက်နာသုတ်ပုဝါ လောက်တော့ပေါက်ပါတယ်။ဒါပေမယ့် လောင်းကစား သဘောတရားအရတော့
မျက်နာသုတ်ပုဝါလို တန်ဘိုးနည်းတဲ့ ပစ္စည်းမျိုးကို မဲအရေ အတွက် များများထည့်ပြီး တန်ဘိုးကြီးတဲ့
ပေါက်မဲတွေ ကိုတော့ မဲလိပ်တခုစီပဲထည့် ထားတာပေါ့။
ဆိုင်ကယ်လား TV လား ကက်ဆက်လား ပန်ကာလား တခုခုပေါက်လို့ကတော့ အိမ်ပြန်မျက်နာပန်း လှတာပါပဲ၊
နောက်ဆုံးဗျာ ၅၀ ရင်းပြီးဓါတ်ဘူးတလုံး ရလည်းတန်တာပဲလေ။ဒါပေမယ့် ဘယ်သူမှ ၅၀ လောက်ပဲ
ရင်းရတာမဟုတ်ဘူး၊ ကိုယ့်စိတ်မနိင်ရင် မနိင်သလောက် ကုန်ကြရတာပဲ။
မဲနှိုက်ခွင့် မရလိုက်တဲ့ သူတွေလည်း မပျင်းကြပါဘူး နောက်တပွဲကို စိတ်ကူးလေးတွေယဉ်ပြီး စောင့်ရင်း
သူများတွေ ဘာပစ္စည်းများပေါက်မလဲလို့ စောင့်ကြည့်ကြတာဆိုတော့ အဲဒီနေရာမှာ ဘယ်လိုလုပ် လူကလျော့ပါ့မလဲ
တိုးပြီးရင်းတိုးနေတာပေါ့။လျော့သွားတဲ့ သူတွေကလည်း ငွေကုန်လို့ အိမ်ပြန်တဲ့ သူရယ် ပစ္စည်းပေါက်လို့
ပြန်သွားတဲ့သူတွေပေါ့။ဘယ်လိုလုပ်ထားလဲတော့ မသိဘူးဗျ၊
ဘုရားပွဲလည်းပြီးရော ဒိုင်လည်းဆိုင်ကယ် ပြန်သိမ်းပြီးနောက်တနေရာ ကူးသွားကြတာပဲ။
ဇာတ်ရုံတွေလည်းကြည့် မယ့်သူသိပ်မရှိ ဆိုင်တွေလည်း မျှော်လင့်သလို မရောင်းရ နဲ့အားလုံးနီးနီး ရှုံးကြရတယ်။
ဒိုင်တွေဘယ်လောက် မြတ်နိင်တယ်ဆိုတာ ကိုယ်ကိုတိုင် ဒိုင်လုပ်ပြီး ကစားမှပဲသိတော့တယ်။
နောက်နှစ်လား၊သူတို့လာဖွင့်လို့ ဘယ်ရပါတော့မလဲ။ဈေးဆိုင်တွေရော ဇာတ်ရုံပိုင်ရှင်တွေ ရော စာတင်ပြီးတော့ကို
ကန့်ကွက် လိုက်ကြတာကိုး။တနှစ်ဆို ဆိုသလောက်ပါပဲ။
ဒါတောင် နောက်နှစ်တွေ သူတို့လာဖွင့်မယ်လို့ သတင်းထွက်သေးတယ်။သတင်းလည်းကြားရော
ဈေးဆိုင်လေးတွေ ရင်ခုန်ထား ၊ဇာတ်ရုံပိုင်ရှင်တွေ ရင်ခုန်ထား ဆိုတဲ့အလှည့်ကို ရောက်တာပါပဲ။
No comments:
Post a Comment