အချိန်ကတော့ အတော်ကြာခဲ့ပြီ..။အဲဒီတုန်းက ကျွန်တော် မလေးကိုရောက်တာ သိပ် မကြာသေး..။စကားကလဲသိပ်မတတ် ၊လူကလဲ ခပ်အအ ၊အလုပ်ကလဲ ရခါစ ဖြစ်သည်။ကျွန်တော်တို့
နေတဲ့နေရာလေးက အလွန်ကျေးလက်ကျသော နေရာလေးဖြစ်သည်။အဲဒီရွာကလေးကအိမ်တ
အိမ်ကို သူငယ်ချင်းတွေစုပြီး ဌားနေကြသည်။ကျွန်တော်တို့အိမ်ကလေးရဲ့ အနောက်ဖက်တွင်
ချုံနွယ်တွေပေါများသော ကွင်းပြင်တခုရှိသည်။ဒီကွင်းပြင်ကိုဖြတ်ပြီး ချောင်းပေါက်စလေး
ကစီးဆင်းနေသည်.။ကွင်းပြင်ကြီးရဲ့အနောက်ဖက်မှာတော့သစ်ပင်များထူထဲစွာပေါက်နေသော
တောင်ကြီးတလုံးရှိသည်။ကျွန်တော်တို့အိမ်အနီးအနားတွင်လဲ ကျွန်တော်တို့လို နိုင်ငံခြားသားတွေ
ဌားနေကြသည်။ အနီးအနားတွင်ရှိသောလူတွေကလဲ သိုက်သိုက်ဝန်းဝန်းရှိသောကြောင့် အ
တော်လေးနေလို့ ထိုင်လို့ကောင်းသော နေရာလေးဖြစ်သည်.။
ဒီနေရာလေးမှာ နေရတာ ကျွန်တော် အတော်လေးသဘောကျနှစ်သက်မိသည်။တနေ့ရေ
မိုးချိုး၊ထမင်းစားသောက်ပြီး အေးအေးဆေးဆေး တီဗီ ကြည့်နေခိုက်…
ဒေါက်….၊ဒေါက်
“ဘယ်သူလဲ”
” ငါပါဟ..၊မောင်မြင့်ပါ..။တံခါးဖွင့်စမ်းပါအုံး…”
” ဟုတ်ကဲ့ ”
တံခါးဖွင့်လိုက်တော့ ကိုမောင်မြင့်မျက်နာကြီးက ဘွားကနဲ့ ပေါ်လာတယ်..။
” ဟေ့ကောင်တွေ သတိထားပြီး နေကြ.၊ ဒီည အော်ပရာစီ ရှိတယ်လို့သတင်းကြား
တယ်။ကောင်းကောင်းနေကြ..။ငါဟိုဘက်ကို သွားပြောလိုက်အုံးမယ်..။”
ပြောပြောဆိုဆိုပဲ ကိုမောင်မြင့်ထွက်သွားတယ်..။အော်ပရာစီ…………..။
ဒီအသံကြားတာနဲ့ကျောချမ်းမိသည်.။တရားမဝင်အလုပ်သမားတွေရဲ့ ကြောက်စရာကောင်း
သော အော်ပရာစီ…..။ဒီအသံကြားတာနဲ့မျက်စိထဲတွင် မီးတန်းနဲ့ရဲကားကိုပြေးမြင်သည်။
လက်ထိပ်တွေကိုပြေးမြင်သည်..။အချုပ်ခန်းက သံတိုင်တွေကိုပြေးမြင်နေမိသည်။အခုနက
လန်းဆန်းနေသောစိတ်တွေသည်ကြက်ပျောက်၊ငှက်ပျောက်..။တီဗီကိုပိတ် ၊မီးကိုမှိတ်..၊
ရင်တထိတ်ထိတ်နဲ့မီးအမှောင်ထဲ..။စိုးရိမ်စိတ်တွေက သာကြီးစိုးနေတော့သည်..။
အိုအရေးထဲ အိမ်သာကသွားချင်ပြန်ပြီ..။အိမ်သာက ကျွန်တော်တို့ အိမ်လေးနဲ့နည်းနည်းလေးလှမ်းသည်.။အပေါ့အပါးသွားလိုက်ရလို့ စိတ်ထဲကနည်းနည်းလျော့
သွားသလိုလို..။အပေါ့သွားပြီး ပတ်ဝန်းကျင်အခြေအနေကိုလေ့လာလိုက်တော့ အလို…
လူတယောက်ပါလား..။ကျွန်တော်တို့အိမ်ကလေးနားကို ယောင်လည်လည်နဲ့ လာနေတာ…။
အို ဒုက္ခပါပဲ… ဒါရဲပဲဖြစ်မှာ..။ကိုယ်ဆရာသမားတွေ ရဲ့ကိုယ်တွေ့ပုံပြင်တွေကိုပြန်သတိရ
မိသည်။ထွက်ပြေးကုန်မှာစိုးလို့လာချောင်းတာ နေမှာ..။ရုတ်တရက်ဘာလုပ်ရမှန်း မသိဘူး..။အိမ်သာကို အသာလေးကွယ်ထားလိုက်တယ်…။ဒီလူကတော့ ကျွန်တော့ကိုမြင်သွားပုံပဲ..။ကျွန်တော်ရှိရာကို ဦးတည်ပြီးလာနေပြီ..။ သွားပြီး ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိတော့ဘူး..။အိမ်သာကို ကွယ်ပြီးကွင်းပြင်ဘက်ကိုထွက်ပြေးဖို့ကြံလိုက်
သည်.။ဒီငနဲက တဖြည်းဖြည်းနီးလာပြီ..။ကျွန်တော်စဉ်းစားဖို့ အချိန်မရှိတော့ဘူး..။
ကွင်းပြင်ဘက်ကိုတခါတည်းထွက်ပြေးတာ..။ဒီငနဲက ကျွန်တော့်နောက်ကို ပြေးလိုက်လာတယ်။ကျွန်တော်အင်အားရှိသလောက်တအားပြေးသည်..။ချောင်းပေါက်စလေး
ကိုဖြတ်ပြီးပြေးသည်။တော်သေးသည်..။ရေကတိမ်တိမ်ကလေး…။ဒူးသာသာလောက်ပဲရှိ
သည်။နောက်ကငနဲကတော့ ကျွန်တော့်နောက် ထပ်ကြပ်မကွာလိုက်နေဆဲ..။ကျွန်တော်ပြေး
ရင်းခလုတ်တိုက်ပြီး ခဏခဏလဲသည်။ပြန်ထ.၊ပြန်ပြေး..။ပြေးရင်းပြေးရင်း မောလာသည်။
အသက်ရှုတွေရပ်တန့်သွားမလား ထင်မှတ်မိသည်။နောက်ဆုံးကျွန်တော် မပြေးနိုင်တော့..။
စိတ်ကိုဒုံးဒုံးချလိုက်သည်။ဘာမှမတက်နိုင်တော့။မြေပေါ်မှာခြေပစ်လက်ပစ်ထိုင်လိုက်သည်။
ဖမ်းလိုက ဖမ်းတော့..။နောက်ကငနဲက ကျွန်တော်ကိုမီလာပြီ။သူလဲ အတော်မောနေပုံရသည်။
သူရဲ့မျက်နာကိုလရောင်အောက်တွင်တွေ့လိုက်ရသည်။
” ဟင် ဘောရှီ ဘိုး ”
ဘောရှီ ဘိုးသည်ကျွန်တော်တို့အိမ်နားတွင်နေထိုင်သော ဘဂံလားတယောက်ဖြစ်သည်။
” မင်းဘာဖြစ်လို့ ငါ့နောက်ကိုလိုက်လာတာလဲ”
” မသိဘူးလေ မင်းပြေးတော့ ငါလဲ ငါနောက်ကို ရဲလိုက်လာတယ်မှတ်လို့ပြေးတာ”
” မင်းကလဲ တအားပြေးတာကိုး ” မောဟိုက်သော အသံဖြင့် ပြန်ပြောသည်။
သေဟ…။ ကျွန်တော်သည် ဘောရှီဘိုးအား ရဲ အမှတ်ဖြင့် ပြေးသည်။သူသည်ကား
ကျွန်တော်ထွက်ပြေးခြင်းသည် ဘေးအန္တရာယ်နဲ့တွေ့သဖြင့်ပြေးသည်ဟု ထင်မှတ်နေသည်။
ကျွန်တော့်ရင်ထဲ အလုံးကြီးသည် အခုမှကျသွားသည်။ကျွန်တော်တို့နှစ်ယောက် အခြေအနေ
ကြည့်ပြီးပြန်လာကြသည်။ကျွန်တော်တို့ပြန်လာချိန်တွင် အိမ်တွင် မီးတွေထိန်လို့..။လူတွေ
ကလဲ တရုန်းရုန်း…။ဆူလို့ ညံလို့…..။အော်ပရာစီသည် ကျွန်တော်တို့အနားသို့ရောက်မ
လာခဲ့..။ရွာကလေးရဲ့အရှေ့ပိုင်းကိုသာဝင်သွားခြင်းဖြစ်သည်။ရွံ့တွေပေပွနေသောကျွန်တော်
တို့ကို ဝိုင်းမေးသဖြင့် အကျဉ်းချုးံပြီးပြန်ပြောပြလိုက်သည်။အခန်းကလူတွေကတော့
သဘောတွေကျပြီး ခွက်ထိုးခွက်လန်ဝိုင်းရီကြသည်။ကျွန်တော်တို့ကတော့ရီရမလို၊ ငိုရမလို.။
အဲဒီညက ပင်ပန်းလွန်းသဖြင့်တခါတည်းနဲ့ အိပ်ပျော်သွားသည်။စိတ်စွဲနေလို့လားတော့
မသိ..။အိပ်မက်ထဲတွင်လဲ ရဲလိုက်ဖမ်းသဖြင့် ကျွန်တော်ထွက်ပြေးရသည်ဟု အိပ်မက်မက်
သည်..။ကျွန်တော်ပြေးနေသည်..။ပြေးနေသည်…။ဟိုး အဝေးဆုံးကို…………….
No comments:
Post a Comment