စကားကြီးစကားကျယ်မဆို ။ ခပ်ရှင်းရှင်းသာ ပြောမည်။ သင်တို့  တတ်သည့်ပညာဖြင့် တစ်နေ့ လျှင် လူတစ်ယောက်မျှအား ကောင်းမှုကုသိုလ်ပြုပေးပါ ဟု ပြောဖူးပါလေစ၊
" ဟ - ခွေးတွေ ၊ ခွေးတွေ . . ငါ့ကို လာဆွဲနေကြတယ်။ မောင်းပေးကြပါ ၊ နှင်ထုတ်ပေးကြပါ "
အရှင်သောဏမထေရ်၏ ဖခင် ဦးပဉ္ဇင်းကြီးသည် လူ့ ဘ၀မှ မုဆိုးအလုပ်ဖြင့် အသက်မွေးသူ ဖြစ်ခဲ့ ၍ သေခါနီးအချိန်၌ မရဏာသန္နေဇော ကျရောက်လာသဖြင့် ကယောင်ကတမ်း ပြောလာ၏။ သားဖြစ်သူ အရှင်သောဏထေရ်မှာ ပိဋကတ် တတ်ကျွမ်းယုံသာမက ရဟန္တာလည်း ဖြစ်သဖြင့် " ငါ့အဖေ လားရာဂတိ မကောင်းနိုင်ဘူး ဖြစ်တော့မယ်" ဟု သိသဖြင့် ကိုရင်များကို တောရကျောင်းဝန်းကျင်ရှိ တောပန်းတောင်ပန်းများ အမြန်ခူးစေကာ ဘုရားရင်ပြင်ပေါ်ရှိ ပန်းတင်ခုံ၌ တင်ထားစေပြီး ဦးပဉ္ဖင်းကြီးအား ဘုရားရင်ပြင်ပေါ်သို့  ယူဆောင်စေလျက် -
" ဦးပဉ္ဖင်းကြီး ၊ ဒီမှာ ဦးပဉ္ဖင်းကြီး အတွက် ဘုရားကို ပန်းလှူပေးထားပါတယ်။ အာရုံပြု ၊ အာရုံပြု"
ဟု ပြောပေးလိုက်သောခါ ခဏအကြာ၌ ဦးပဉ္ဖင်းကြီးက -
"ငါ့သားရေ ၊ မင်းရဲ့ မိထွေး နတ်သမီးတွေ လာနေတယ်ကွ၊ နေရာပေးပါဟ . . နေရာပေးပါဟ " ဟု ပြောဆိုပြီး အသက်ထွက်သွားတော့သည်။
အနံ့ အာရုံ မချုပ်မှီ ဘုရားပန်းကပ်၊ ပန်းအနံ့ ပေးပြီး အာရုံပြုစေခြင်း၊ အမြင်အာရုံမချုပ်မှီ ဘုရားရင်ပြင်ပေါ်သို့  ယူဆောင်စေလျှက်ဘုရားဂုဏ်တော် ပွားများစေခြင်း၊ အကြားအာရုံ မချုပ်မှီ အနီးပတ်ဝန်းကျင်မှ သရဏဂုံ နှင့်တစ်ကွ ဂုဏ်တော်များ ရွတ်ဖတ်ပေးခြင်းများ သည်ကား ကောင်းရာ ဂတိ သေချာပေါက် ရောက်စေရန်အတွက် နံဘေးမှ လူများက ကျေးဇူးပြုပေးလိုက်ခြင်းပင်။ သတ္တမဇော အကျိုးပေးကောင်းစေရန် ပြုမူပေးလိုက်ခြင်းပင်။ နတ်ပြည်သို့ ရောက်ရှိအောင်ဆောင်ကြဉ်းပေးလိုက်ခြင်း ဖြစ်၏ ။ ဤကား ယတြာဆိုသည့်အရာအား အရိပ်အမြွက်နားလည်စေရန် ကံ၊ ကံ၏ အကျိုးတရား (သတ္တမဇော) ဖြင့် ဥပမာ ပြဆိုလိုက်ခြင်းဖြစ်၏ ။
အရှင်သောဏမထေရ်၏ ဖခင် ဦးပဉ္ဇင်းကြီး သည် ဘ၀တစ်သက်တာ ပြုလုပ်ခဲ့သော မုဆိုးအလုပ် အာစိဏ္ဏကံ အကုသိုလ်ကြောင့် ထိုအကုသိုလ်ကံမှ ဘ၀ဆိုး၊ ဂတိဆိုးသို့  မလွဲမသွေ ရောက်ရဦးမည်ဖြစ်သည်။ သံသရာမကုန်သရွေ့ ၊ နိဗ္ဗာန်မရောက်မှီ စပ်ကြားကာလအထိ ထိုကုသိုလ်၊ အကုသိုလ်များကား အကျိုးပေးနေဦးမည်သာတည်း။
လူဆိုသည်ကား ပုထုဇဉ် ဖြစ်သောကြောင့် လက်ရှိဘ၀ ၊ မျက်မှောက်ဘ၀ ချမ်းသာခြင်းအား ပိုမိုစိတ်ဝင်စား၏ ။
မျက်မှောက်ဘ၀ ချမ်းသာရေးအတွက် ဘုရားတည်ကြ၏ ။ သံဃာ့ဗေဒကကံ၊ သံဃာသင်းခွဲသည့်ကံ ထိုက်နေသည့် ၊ သရဏဂုံ ၂ ပါးသာတည်သည့် ပုဂ္ဂိုလ်မျိုး ဖြစ်နေပါက ယတြာခြေသည်ဖြစ်စေ ၊ ကုသိုလ်ကောင်းမှု လိုချင်သည့်အတွက်ဖြစ်စေ ၊ မည်သို့  ပင်ဖြစ်စေကာမူ ဇောစေတနာ ထက်သန်စိတ်ဖြင့် လုပ်ဆောင်သော်ငြား ကုသိုလ်အကျိုးအား ရမည်မဟုတ်ပေ။ အဟောသိကံ ဖြစ်သွား၏။
အချို့  ပုဂ္ဂိုလ်များမှ အကုသိုလ်ကံ ဆိုသည်မှာ ယခုဘ၀ တွင် တားနိုင်သည့်တိုင်အောင် နောင်လာမည့် ဘ၀များတွင် ခံရဦးမည် ဖြစ်သဖြင့် မည်သည့်အတွက်ကြောင့် အချိန်အကုန်ခံပြီး ယတြာလုပ်သင့်ပါသနည်း ဟု အပြောကြီးကြ၏ ။ ထိုသူများအား ယတြာဆိုသည်ကို မည်သို့  နားလည် ထားသနည်းဟု ပြန်လည် မေးမြန်းရမည် ။
ယတြာချေသည်ကို ရှေးပညာရှင်များ မှ -
" ကုသိုလ်မပါသော ယတြာချေခြင်း သည် ဓာတ်ရိုက် ၊ ဓာတ်ဆင်ခြင်းသာ ဖြစ်သည်" ဟူ၍ မိန့်  ကြားခဲ့၏။ ကံမြင့် ၊ ကံပွင့် အစီအရင်အား ၁၃၇၀ ခုနှစ်အတွင်း တင်ဆက်ခဲ့သည်။ မြတ်စွာဘုရားရှင်၏ အဆုံးအမဖြစ်သည့် ဒါန ၊ သီလ ၊ဘာဝနာ အကြောင်းတရားများ နှင့် ပတ်သက်သည်များကိုသာ အကြံဥာဏ်ပေး ရေးသားခဲ့၏ ။ ဘုရားရှင်အား တုန်ခိုက်အောင် ရေမသပ္ပာယ်ခိုင်း ၊ မီးခိုးမှိုင်းလည်း မတိုက်ခိုင်းခဲ့ ။ ကိုယ်လုပ်မှ ကိုယ်ရသည့် လုပ်အားဒါန ကုသိုလ်များ၊ ရေစစ် ၊ ဆေး ၊ ကျောင်း ၊အဟောင်းပြင် အစရှိသည့် ကုသိုလ်ကံပွင့်စေသည့် အစီအရင်များအား ပညာပိုင်းဆိုင်ရာနှင့် တိုက်ဆိုင်စစ်ဆေးပြီး ဆရာများ၏ သြ၀ါဒအတိုင်း ပညာဒါနပြု၏ ။ စာရှုသူများ တိုက်ဆိုင် စစ်ဆေးနိုင်၏။ ဤ၀က်ဘ်ဆိုဒ်တွင် ဗုဒ္ဓမြတ်စွာဘုရား၏ မျက်မှောက်ဘ၀ ကြီးပွားချမ်းသာရေး လမ်းကြောင်းမှ သွေဖည်ပြီး အကြံဥာဏ်များ ပေးခဲ့သော် လာရောက် ပြောဆိုနိုင်၏ ။
အာရိုက်စားသူများ ၊ ဓမ္မာသောကအင်းဝရာဇာ သိယုံမျှဖြင့် အချစ်ရေးဟောတတ်ပြီဟု ကြွေးကြော်နေသူများ ၊ နေ့ နံသိယုံဖြင့် ဟာသဗေဒင်အဖြစ် ပညာရပ်အား အပျော်သဘောတင်ဆက်ပေးနေသည့် ပုဂ္ဂိုလ်များကြောင့် နက်ရှိုင်းလှသည့် ပညာရပ်များ အထင်သေးဖွယ်ရာ ဖြစ်ကုန်တော့၏ ။
အခါပေးပညာရှင်များသည် များသောအားဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်သည့် အားလျော်စွား ဗုဒ္ဓအဆုံးအမတိုင်း နေထိုင်သည့်အပြင် ၃၈ ဖြာ မင်္ဂလာတရားတော် အတိုင်း ကျင့်ကြံရသေးသည်။ ထဲထဲဝင်ဝင် မလေ့လာဘဲ အပေါ်ယံ အာပလာ ဆရာများအား မြင်ယုံဖြင့် မဆုံးဖြတ်စကောင်း။
အခါပေးဆရာဖြစ်သူမှ လမ်းညွှန်ပြသပေးမှုကြောင့် ကောင်းမှုကုသိုလ် (ယတြာဟု အများပြောဆိုနေသည့်အရာ) လုပ်ရင်းဖြင့် ဖြစ်လိုသည့် အရာများ (ပထမ ဇောစေတနာ အားနည်းမှုကြောင့်) ယခုဘ၀တွင် မရရှိခဲ့သော်လည်း နိဗ္ဗာန်မရမှီ စပ်ကြားအထိ ထိုကုသိုလ်များ အကျိုးပေးနေအုံးမည်။ ဘာသာတရားမေ့လျော့နေသူအား ကုသိုလ်ကောင်းမှုလုပ်ကိုင်စေခြင်းသည် အပြစ်မဟုတ် ။ ထိုသို့  ကုသိုလ်ကောင်းမှု ပြုလုပ်ရန် တားမြစ်နေသူများသာ အပြစ်ရမည်ဖြစ်သည်။
ဘာသာတရားမေ့လျော့နေသူအား ဘုရားရိပ်တရားရိပ်တွင် တံမြက်လှည်းသည့် ကုသိုလ်ကောင်းမှုများ အား ပြုလုပ်စေလိုက်သောအခါ (ယတြာဟု အများပြောဆိုနေသည့်အရာ) ပြုလုပ်သူအနေဖြင့် ပထမ အစတွင် ဖြစ်ချင်သည့် အဓိပတိပစ္စည်း (ဇောဖြင့် ) လုပ်ကိုင်နေခြင်းကြောင့် သန္တာန်တွင် ကုသိုလ်စိတ် နည်းချင် နည်း ၊ ရှိချင်မှ ရှိပေလိမ့်မည်။ သို့ သော် ကိစ္စအ၀၀ ပြီးစီးသည့်အခါ ဘုရားရိပ်တရားရိပ်တည်းဟူသော အေးမြသည့် အရိပ်အာဝါသသို့ ရောက်နေခြင်းကြောင့် " သြော် . . ငါ ရောက်တုန်း ကုသိုလ်ကောင်းမှုလေး လုပ်လိုက်အုံးမှ . . " ဆိုသည့် ကုသိုလ်စိတ်ဖြစ်ပေါ်လာခဲ့သည် ရှိသော် . . . . များစွာအကျိုးရှိပါသည် ။ ထို့ ကြောင့် ဘုရားတွင် ယတြာ လုပ်ခိုင်းသည် မှာ အကြောင်းမဲ့  မဟုတ် . တစ်ဖက်လှည့်ဟုဆိုလျှင်လည်း ပြောနိုင်၏။
(ဘုရားတွင် အမှိုက်ပွစေသည့် ယတြာများအား မပြောလိုပါ ။ ဥပမာ သဲအိုးပေါ်တွင် ပန်းစိုက်ပြီး ဘယ်ဒေါင့်ရှိ ရေသပ္ပာယ်ရာ နေရာတွင် ထားခဲ့ဆိုသည့် ယတြာမျိုး ။ ထို သဲအိုးအား လာလည်းမသိမ်း . . သဲများလည်း ရေသပ္ပာယ်ရာ နေရာတွင် ပြန့် ကျဲလျှက် ရုပ်ဆိုးလှသည်။)
သင့်၏ မသင့်၏ တွေးခေါ်ခြင်းလည်းမရှိ ၊ ဗဟုသုတ အကြားအမြင်မရှိလည်းမရှိဘဲ အများပြောသမျှ ဟုတ်နိုး ၊ ဟုတ်နိုးဖြင့် ပြောသမျှ အကုန်လျှောက်လုပ်နေ့ သည့် လူ့ ဗာလ များ ၊ အထူးသဖြင့် ချမ်းသာလိုသည့် ၊ ကြီးပွားလိုသည့် ၊ လောဘဇောတိုက်နေသည့် သူများ ကြောင့် အယူမှားကာ တစ်လွဲတစ်ချော်ဖြစ်လာရသည်။ စစ်မှန်သည့် အတိုင်ပင်ခံ ဆရာများနှင့် လားလားမျှ မသက်ဆိုင် ။ ခံယူသူနှင့်သာ သက်ဆိုင်၏။
" အစ်ကို . . . ဘုရားပုံတော် ၊ ဓာတ်တော် ၊ရောင်တော် လွှတ်တာ ပူဇော်မလား ၊ ဆောင်ထားရင် ကောင်းတယ်၊ ပို့ ပေးရမလား" ဟု အစချီကာ အဆောင်စိတ်ဝင်စားသူများ၊ တန်ခိုးကြီးဘုရား စိတ်ဝင်စားသူများ အား ဓာတ်ပုံပို့ ရင်း မည်သည့်နေရာမှဟု IP မှတ်သားနေကြသည့် ပုဂ္ဂိုလ်များ ၊ ထေရ၀ါဒ သာသနာ ဟု အစချီကာ ဘာသာတရား မဖြစ်ညစ်ကျယ်နှင့် တွေးခေါ်မှု ၊ ကျင့်ကြံအားထုတ်မှု တစ်စိုးတစ်စိမျှ မရှိပါဘဲ ကျမ်းစာအုပ်ထဲမှ အလွတ်ကူးချနေသည့် ဘုရားဖြစ်မည့် ပညာတော်သင် အုတ်နီခဲလေးများ သည် ပညာရပ်နှင့် ဘာသာတရားအား ခုတုံးလုပ်ကာ မိတ်ဆွေဖွဲ့ ရင်း မီဒီယာအား မာလ်တီ မီဒီယာဖြင့် တိုက်ခိုက် အသုံးချသူများလည်း ရှိ၏ ။
ပညာရပ်အား ဒိဋ္ဌိဟု ဆိုချင်သူများ ဒုနှင့်ဒေး ။ သို့ ရာတွင် မိမိတို့ သင်ကြားနေသည့် လောကီ အတတ်ပညာများဖြစ်သည့် ဒီဂရီဘွဲ့ များတွင် ရှာဖွေကြည့်ပါ။ လောကီ ၊ လောကုတ် အကျိုးစီးပွားအတွက် ဒါန ၊ သီလ၊ ဘာဝနာ ဆိုသည်များ ပြုလုပ်ရမည်ဟု မည်သည့် ဒီဂရီဘွဲ့  တွင်မှ သင်ကြားပြသခြင်း မရှိပေ။ ဗေဒင်ပညာရပ် တွင်သာ ရှိ၏ ။ စကားကြီးစကားကျယ်မဆို ။ ခပ်ရှင်းရှင်းသာ ပြောမည်။ သင်တို့  တတ်သည့်ပညာဖြင့် တစ်နေ့ လျှင် လူတစ်ယောက်မျှအား ကောင်းမှုကုသိုလ်ပြုပေးပါ ဟု ၊စိုးရိမ်ထိတ်လန့်  ပူဆွေးနေသူ၊ သောကရောက်နေသူအား အပူအပင်လျော့သွားစေရန် ပြောဖူး ၊ ကူညီဖူးပါစ ။
ဓမ္မတရားဟောကြားသူ သူတော်စင်များ သာလျှင် ဓမ္မအား ဖြန့် ဖြူးနေသူများ မဟုတ်ပေ။ အရက်သမား ခိုင်းသဖြင့် ကုသိုလ်ကောင်းမှု လုပ်နေသူမှာကား ကုသိုလ်တရားများ ရနေမည်သာ။ အရက်သမားပြောသဖြင့် ကုသိုလ်လုပ်နေရသောကြောင့် ထိုကုသိုလ်လုပ်သူအား ကုသိုလ်မရစေဘဲ အကုသိုလ်ရစေဟု မရှိ။ ထို့ အတူ အခါပေးဆရာလည်း ထိုနည်းလည်းကောင်းပင် ။ မှန်မှန်ကန်ကန် လမ်းညွှန်နိုင်သော အခါပေးဆရာများကိုသာ ရွေးချယ်မှုရှိပါစေ။
မြတ်စွာဘုရား မှ ပစ္စည်းဥစ္စာ ချမ်းသာခြင်ပါလျှင် ယတြာလည်း ချေတတ်ရမည်ဟု မဟောကြားခဲ့သည်မှာ အမှန်ပင်ဖြစ်၏ ။ သို့ ရာတွင် သမ္ပဒါတရားလေးပါး နှင့် ပြည့်စုံအောင် နေထိုင်ပါက ချမ်းသာလိမ့်မည်ဟု ဟောကြားခဲ့၏ ။
ထိုသမ္ပဒါတရားလေးပါး အား ဗေဒင်ပညာ၏ ဟောပြောသည့်အတတ်ပညာ နှင့် ရောယှက်လိုက်ပြီး လိုက်နာစေရန် ၊ ပြုလုပ်စေရန် အကြံဥာဏ်ပေးလိုက်သောအခါ တွင် . . လူအများ ပြောဆိုနေသည့် အစီအရင် . . ယတြာများအဖြစ် ပြောင်းလဲကုန်လေတော့သတည်း . . ။
No comments:
Post a Comment