ချစ်သူမရှိသော နေ့ရက်တွေသည် မှောင်မိုက် ခြောက်ကပ်လွန်းလှသည်။
ထို့ပြင် မျှော်လင့်ခြင်းတွေ ပေစွန်းပြီး ပူလောင်ခဲ့ရသည်။မျှော်လင့်ခြင်း ဆိုသည်မှာ
သူမကျွန်တော့်အနားက ထွက်ခွါသွားကာစ နေ့ရက်တွေထဲက စတင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာပြည်တွင် ချစ်သူမရှိမှန်း သိပေမယ့် အိမ်ရှေ့လမ်းမက ဆိုင်ကယ်ဟွန်းသံ ကြားတိုင်း
ရင်ထဲမှာ တဆတ်ဆတ်တုန် သွားမိသည်။လမ်းမကို သတိလက်လွတ် လှမ်းကြည့်မိသည် အထိမျှော်လင့်ခြင်းဖြင့်
ရူးနှမ်း နေခဲ့ရသည်။အကြိမ်ကြိမ် အခါခါ ရူးသွပ်ခဲ့ရပေမဲ့ ကျွန်တော်ကတော့ ခေါင်းထောင်နေခဲ့ မိမြဲဖြစ်သည်။
ချစ်သူကိုသတိရမိတိုင်း စိတ်ကူးတို့ကြောင့် သတိလက်လွတ် ဖြစ်ခဲ့ရသည်။
တခါတလေ ကျွန်တော်စိတ်က ချစ်သူ ကျွန်တော့်အနား ရောက်နေသည်ဟု စိတ်ကူးယဉ် လိုက်မိသည်နှင့်
ပိတ်ထားသော မျက်လုံးတို့သည် ဖျက်ခနဲပွင့်ကာဘေးနားမှာရှာကြည့်မိသည်။
ထိုကဲ့သို့ အသိစိတ်ကို စိတ်ကူးတို့က အနိင်ယူ ၀ါးမျိုခံခဲ့ ရသည်မှာလည်း အကြိမ်ကြိမ် အခါခါဖြစ်သည်။
ထိုကဲ့သို့ အတွေးများဖြင့် နှိပ်စက်ခံနေရသော ကျွန်တော့်ရင်ခွင်သည် အချိန်နှင့်အမျှ နာကျင်ရပါသည်။
ရှည်လျားလွန်းသော နေ့ရက်တွေသည် ချစ်သူရဲ့ စာကို မျှော်လင့်ခြင်းသာ မရှိခဲ့ရင် တော်တော်ဖြတ်သန်းဘို့
ခက်ပါမည်။ကျွန်တော်အတွက် တခုကံကောင်းသည်မှာ မကြာခဏလာသောသူမရဲ့ စာများသာ ဖြစ်သည်။
ချစ်သူရဲ့စာကိုဖတ်ရတိုင်း ရင်ခွင်သည် လင်းလက်နေခဲ့သည်။
ပျော်ရွှင်ခြင်းနှင့် သတိရခြင်းတို့သည် တဘက်တချက်စီ စီးမိုးနေခဲ့ကြသည်။
ထိုခံစားချက်တို့ကြောင့်ပဲ ရုံးပိတ်ရက်တွေကို မုန်းတတ်ခဲ့သည်။
သောကြာနေ့ ညနေတိုင်းသည် မျှော်လင့်ချက်မရှိသောနေ့ရက်တို့အတွက် ဖြတ်သန်းရခက်သော အချိန်ဖြစ်ပြီး
တနင်္ဂနွေနေ့ညတိုင်းသည်မျှော်လင့်ချက်တို့ဖြင့် တက်ကြွစွာ အိပ်ပျော်သွားလေ့ ရှိသောညများဖြစ်သည်။
ချစ်သူဆီက စာလာလျင် ရင်ခွင်သည်ပေါ့ပါး နေသလောက် စာမလာသော ရက်များသည်
တစုံတခုဖြင့် ပူလောင်နေရသော ရက်များဖြစ်သည်။
ထိုသို့ဖြင့် ခံစားချက်တို့နှင့် ကျွန်တော်သည် လုံးလည်ချာလည် လိုက်နေတော့သည်။
ဒီနေ့သည် တနင်္ဂနွေနေ့ ဖြစ်သည်။ပြီးခဲ့သည့် တပါတ်လုံးလုံး သူမဆီက စာမလာခဲ့ပေ။
ထိုကဲ့သို့ စာလုံးဝမလာသော ရက်သတ္တပါတ်များလည်း ရှိသောကြောင့် ထူးထူးခြားခြား စိတ်အနှောက်အယှက်
မဖြစ်မိသေးပေ။တခါတလေ ထိုကဲ့သို့ နေ့ရက်များကို ဖြတ်သန်းပြီးလျင် သူမဆီက စာကိုရလေ့ရှိသည်။
ထို့ကြောင့်မနက်ဖြန်တွင် ပြည့်ဝသော မျှော်လင့်ချက်တို့ စတင်မည် ဖြစ်သည်။
No comments:
Post a Comment