Search This Blog

ကိုယ်ပျောက်ဝတ်ရုံပေါ်ပေါက်လာ

နာမည်ကျော် Harry Potterရုပ်ရှင်တွင် ပါဝင်သည့် ကိုယ်ပျောက်ဝတ်ရုံမျိုး မကြာမီ ပေါ်ပေါက်လာတော့မည်ဟု သိရှိရသည်။ သို့သော်လည်း အဆိုပါဝတ်ရုံသည် မှော်အတတ်ဖြင့် စီရင်ထားခြင်းမျိုး မဟုတ်ဘဲ သိပ္ပံပညာ တိုးတက်ထွန်းကားလာမှု၏ ရလဒ်တစ်ခုသာဖြစ်သည်။ နာနိုနည်းပညာဖြင့် ပြုလုပ်ထားသော ကိုယ်ပျောက်ဝတ်ရုံအား (၅)နှစ်အတွင်း ထုတ်လုပ်သွားနိုင်တော့မည်ဟု အမေရိကန်နိုင်ငံ အင်ဒီယားနားရှိ ပါဒူးတက္ကသိုလ်မှ သုတေသီများက အတည်ပြုပြောကြားလိုက်သည်။ အိုင်းစတိုင်း၏ General Relativity သီအိုရီအား အခြေခံပြီး ယခုဝတ်ရုံအား ပြုလုပ်ထားကြောင်း သိပ္ပံပညာရှင်များကဆိုသည်။ ၀တ်ရုံမှထွက်ပေါ်လာမည့် လျှပ်စစ်သံလိုက် လှိုင်းများသည် ၎င်း၏အတွင်းဘက်ရှိ လူ့ခန္ဓာကိုယ်အား ပျောက်ကွယ်သွားစေနိုင်ရန် စနစ်တကျ သုတေသနပြု တီထွင်ခဲ့ကြပြီးနောက် (၅)နှစ်အတွင်း ကိုယ်ပျောက်ဝတ်ရုံ ထုတ်လုပ်နိုင်မည်ဟု ကြေညာနိုင်ခဲ့ခြင်းဖြစ်သည်။



ထိုဝတ်ရုံအား ဖန်တီးနိုင်ရန် အလင်းယိုင်ခြင်း နိယာမ သဘောတရားများကိုလည်း အသုံးပြုခဲ့ကြောင်း သိပ္ပံပညာရှင်များက အရိပ်အမြွက် ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် ၀တ်ရုံအား အလင်း ဖောက်ထွင်းနိုင်သည်အထိ အောင်မြင်နေပြီ ဖြစ်သော်လည်း လုံးဝ ကိုယ်ပျောက်သွားရန်မူ အချိန်ယူရဦးမည်ဟု ပါမောက္ခ ဗလတ်မင်ရှာလပ်ဗ်က Scienceမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောကြားသွားသည်။ ထိုတီထွင်မှုသည် အနာဂါတ်ကာလ ထောက်လှမ်းရေး လုပ်ငန်းစဉ်များအတွက် အလွန် အသုံးတည့်ဖွယ်ရှိသောကြောင့် အမေရိကန်အစိုးရမှ ငွေကြေး ထောက်ပံ့နေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ ကိုယ်ပျောက်ဝတ်ရုံအား တီထွင်နိုင်ရန် နည်းမျိုးစုံနှင့် စမ်းသပ်ခဲ့ကြပြီး အဆင့်မြင့် နည်းပညာသုံး မိုက်ခရိုချစ်ပ်များနှင့်လည်း စမ်းသပ်ခဲ့ကြသည်ဟု သိရှိရသည်။ လက်ရှိအချိန်တွင် ပါဒူးတက္ကသိုလ်မှ ပညာရှင်များအနေနှင့် ကိုယ်ပျောက်ဝတ်ရုံ ထုတ်လုပ်နိုင်ရေးအတွက် အောင်မြင်မှုရရှိရန် အနီးစပ်ဆုံး ဖြစ်နေကြောင်း သတင်းရရှိသည်။

No comments:

Post a Comment